ဝါသနာပါတဲ့ အဆိုတော်ဖြစ်ဖို့ ဘောလုံးကန်ရင်းနဲ့ ဘဝတစ်ဆစ်ချိုးမှာ မင်းသားဖြစ်ခဲ့ရတယ် ဆိုတဲ့ မင်းသားချော ဒေါင်း

MRTV-4 က ထုတ်လွှင့် ပြသခဲ့တဲ့ “ပုဂံမြို့သူ” ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ရာကနေ ပရိတ်သတ်တွေ သတိထားမိလာပြီး ချစ်ခင်အားပေးလာခဲ့တဲ့ မင်းသားချော ဒေါင်းကိုတော့ အားလုံးပဲ သိပြီး ဖြစ်မှာပါ။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေအပြင် ချောမောခန့်ညားပြီး ယောက်ျားပီသတဲ့ ရုပ်ရည် တို့ကြောင့် မိန်းကလေး ပရိတ်သတ်တွေ အသည်းစွဲ ချစ်ခင်အားပေးရတဲ့ idol တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသားချောလေး ဒေါင်းကတော့ မြန်မာရုပ်ရှင် ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရတဲ့ မင်းသားတစ်ယောက် ဖြစ်တဲ့အပြင် အခုဆိုရင်လည်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ ရုပ်ရှင် ရိုက်ကူးနိုင်ခဲ့သည်ထိကို အောင်မြင်နေတာပါ။

ဝါသနာဗီဇအပေါ် အခြေခံထားတဲ့ မိမိတို့ရဲ့စိတ်ကူးအိပ်မက်တွေကို ခွန်အားအပြည့်နဲ့ ပုံဖော်နေကြတဲ့ လူငယ်တွေ များစွာ ရှိပါတယ်။ ဒီလိုလူငယ်တွေဆီမှာ မရေတွက်နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ပြဿနာတွေလည်း ရှိနေတတ်ကြစမြဲပါပဲ။ အံ့အားသင့်စရာ ခွန်အားတွေ၊ စိတ်ကူးအိပ်မက်တွေအတွက် စွန့်လွှတ်မှုတွေ အပြည့်နဲ့ လူငယ်တွေကြားက လူငယ်တစ်ယောက်ကတော့ သရုပ်ဆောင်ဒေါင်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် တော်လှန်ရေးကြီးမှာလည်း အမှန်တရားကို ချစ်တဲ့ ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားပြီး ဆန့်ကျင်ခဲ့တဲ့အပြင် အခုထိလည်းကိုယ် တတ်မြောက်ထားတဲ့ပညာလေးတွေကိုအသုံးပြုကာ တော်လှန်ရေး အတွက် လိုအပ်တဲ့ နေရာတွေမှာ တစ်ဖက်တစ်လှမ်းကနေ ပါဝင်ထောက်ပံ့နေတာပဲ ဖြစ်ပါတယ်။

ငယ်စဉ်ဘဝရဲ့ အိပ်မက်ဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ဆိုပေမယ့် ဘောလုံးသမားဘဝနဲ့ ငွေကြေးရှာဖွေခဲ့သလို အဆိုတော် တစ်ယောက် ဖြစ်မလာခဲ့ဘဲ ဘဝရဲ့အချိုးအကွေ့တွေ ကြုံတွေ့ခဲ့ရသူ သရုပ်ဆောင် ဒေါင်းပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရတွေကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။ ဘဝရဲ့ထူးခြားတဲ့ အဖြစ်အပျက်တွေကို အမှတ်တရအနေနဲ့ မှတ်သားထားတတ်တဲ့ သရုပ်ဆောင် ဒေါင်းက မွေးနေ့ဖြစ်တဲ့ မတ်လ (၃၀) ရက်ဟာ အရမ်းနှစ်သက်ရတဲ့ ပန်းချီဆရာကြီးဗင်းဆင့်ဗန်ဂိုးနဲ့ မွေးနေ့တူ နေတာကြောင့် အမှတ်တရတစ်ခုပါလို့ ပထမဆုံး ပြောပြခဲ့ပါတယ်။ ဒေါင်းကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ဘဝ တစ်လျှောက်မှာ မိတ္ထီလာမြို့မှာ ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။

မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နဲ့ အသက် (၁၀) နှစ်ကွာတဲ့ ညီမငယ် တစ်ယောက် ရှိတယ်လို့ ဆိုပါတယ်။ ဒေါင်းရဲ့ငယ်စဉ်ဘဝ ထူးခြားတဲ့အမှတ်တရ တစ်ခုကတော့ ဖိနပ်လေးတစ်ရံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူရဲ့ ဖိနပ်ကို အမြဲတမ်းယူစီးတတ်တဲ့ ဒေါင်းအတွက် မိဘများက ရှူးဖိနပ် ဝယ်ပေးချင်ပေမဲ့ စီးပွားရေး မပြေလည်တာကြောင့် ဝယ်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ တစ်ရက်မှာတော့ ဒေါင်းအတွက် ရှူးဖိနပ်အဖြူလေး တစ်ရံကို မိဘများက ယူလာခဲ့ ပေးပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ “ကျွန်တော့်အတွက်ဆိုပြီး မေမေက ရှူးဖိနပ်အဖြူလေးကို ပေးတယ်။ ကျွန်တော်လည်း တွေ့တွေ့ချင်း အရမ်းသဘောကျတယ်။

ဒါပေမဲ့ အသစ် မဟုတ်မှန်း သိသွားတော့ ဘယ်ကရလဲလို့ မေးတယ်။ ဖေဖေက ပြောပြတယ် သူတို့မိတ်ဆွေရဲ့သားက ပေးတယ် ဆိုတာကို။ အဲဒီလို ပြောပြီးကတည်းက ကျွန်တော်အဲဒီ ဖိနပ်လေးကို မစီးတော့ဘူး။ ကျွန်တော်ဒီဖိနပ်ကို ဘယ်ကရလဲလို့ မေးလိုက်တဲ့အချိန်မှာ ကျွန်တော့်မိဘနှစ်ပါးရဲ့ ခံစားမှုကို ကျွန်တော် ခံစားလိုက်ရတယ် ကျွန်တော်လည်း ခံစားရတယ်။ အဲဒီခံစားမှုကို ကျွန်တော် ခုချိန်ထိလည်း တွေးတိုင်း ဝမ်းနည်းနေတုန်းပဲ” လို့ ဒေါင်းက ဆိုပါတယ်။ ကျောင်းတက်စဉ် တစ်လျှောက်လုံး ဂီတနဲ့ပတ်သက်လို့သာ စိတ်ပါဝင်စား ခဲ့တာကြောင့် ကျောင်းစာသင်ယူဖို့ကို စိတ်မဝင်စားခဲ့ဘူးလို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ဂီတကို ဝါသနာပါလွန်းသူ ဒေါင်းအတွက် တေးရေးကေအေတီနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဘဝရဲ့အချိုးအကွေ့တစ်ခု စတင်ခဲ့ပါတယ်။

ဝါသနာပါရာ ဂီတအလုပ်တွေလုပ်ဖို့အတွက်ကိုယ်ပိုင်ဝင်ငွေ လိုအပ်တာကြောင့်ဘောလုံးအသင်း တစ်ခုမှာ သုံးနှစ် ဝင်ကန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါင်းက ဂီတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ် ကိုင်ဖို့ ပြင်ဆင်ထားချိန်မှာပဲ အားထားရတဲ့ ဆရာကေအေတီ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒေါင်းအတွက် နောက်ထပ်အချိုးအကွေ့ တစ်ခု စတင်ခဲ့ ပါတယ်။ “ဦးလေး (ဆရာကေအေတီ) ရုတ်တရက်ခွဲခွာသွားတာက ကျွန်တော့်အတွက်တော့ အားလုံး ဆုံးရှုံးသွားတာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ နောက်ထပ်အချိုးအကွေ့ တစ်ခုထပ်ဖြစ်ခဲ့ ပါတယ်။ ဆရာ့ရဲ့စျာပနမှာ ဆာတိုရီ ထုတ်လုပ်ရေးက ဂီတကို အခြေခံတဲ့ ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်သစ်တွေခေါ်နေတယ် ဆိုတဲ့ သတင်းကြားတယ်။ အဲဒီမတိုင်ခင်မှာလည်း အဆိုတော် တစ်ယောက်လုပ်တဲ့အခါ စင်မကြောက်ဖို့အတွက် မော်ဒယ်လ်သင်တန်း တက်ထားတဲ့ အတွေ့အကြုံက ရှိတယ်။

အဲဒါနဲ့ ဆာတိုရီ ထုတ်လုပ်ရေးကို သွားလျှောက်ဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။ ဒေါင်းက ဆာတိုရီထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် စင်တင်မင်းသား အနေနဲ့ စိတ်ကြိုက်ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးဖို့ သဘောတူညီခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖြည်းဖြည်းမှန်မှန် ကြိုးစားလာခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်ချစ်ခင်အားပေးမှု များစွာကို ရရှိလာခဲ့တာပါ။ ဇာတ်လမ်းတစ်ခုကို ဖတ်ပြီး ကိုယ့်ရင်ထဲက ခံစားရတာကို ပြန်ဆွဲထုတ်ပြီး ပေးရတဲ့ သရုပ်ဆောင်အလုပ်ကို သဘောကျသလို နေ့စဉ်နဲ့အမျှ ခံစားတွေ့ထိဖြစ်တဲ့ ဂီတကိုလည်း ရူးသွပ်စွဲလန်းပါတယ်လို့ ဒေါင်းကဆိုပါတယ်။ သရုပ်ဆောင်ဒေါင်းက စာဖတ်ဝါသနာ ကြီးမားသူလည်း ဖြစ်ပြီး အမာခံပရိသတ်တွေကို ကိုဗစ်ကာလအတွင်း စာအုပ်ဖတ်ပြတာတွေ၊ စာပေအကြောင်း ဆွေးနွေးတာတွေကို အွန်လိုင်းကနေ လုပ်ပေးခဲ့ပါတယ်။

“ဘဝက အချိုးအကွေ့များတယ် စိန်ခေါ်မှုတွေ အခက်အခဲတွေများတယ်။ လူငယ်တစ်ယောက်အနေနဲ့ အဲဒီလောက် ဖြတ်သန်းစရာ မလိုဘူးလို့ ထင်တယ်။ နိုင်ငံရဲ့အနေအထားကြောင့်သာ ဒီလို ဖြတ်သန်း ရတာပေါ့နော်။ လူတိုင်းလည်း ဒီလိုပဲ ဖြတ်သန်းရတာပါပဲ အဲဒီအတွက် ကျေနပ်ပါတယ်။ ဒီလိုဖြတ်သန်းမှုက စာနာမှုကိုဖြစ်စေတယ်။ ဘဝရဲ့အဓိပ္ပာယ် ဖြစ်စေပါတယ် အဲဒီအတွက်တော့ ကျေနပ်ပါတယ်” လို့ အမှတ်တရ ပြောပြခဲ့သလို ပရိသတ်များအတွက် အစွမ်းရှိသလောက် ဆက်လက် ကြိုးစားသွားမယ်ဆိုတာလည်း သတင်းစကားပါး ခဲ့သော ဒေါင်းဟာ အခုအခါမှာတော့ အာဏာသိမ်းမှုကြောင့် ဘဝရဲ့တစ်ဆစ်ချိုးကို ထပ်မံကြုံရကာ တော်လှန်ရေးအတွက် တစ်တပ်တစ်အား ပါဝင်သော ပြည်သူချစ်တဲ့ မင်းသားချောလေး ဒေါင်းအတွက် ချစ်တဲ့ ပရိသတ်ကြီးတို့ကလည်း တခုခု ပြောပေးခဲ့ကြပါဦးနော်။

(Visited 419 times, 8 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*