နှစ်ပေါင်း (၂၀) အတွင်း ပြင်ဦးလွင်မြို့မှာ ပထမဆုံးအကြိမ် စံချိန်တင် ရေကြီးခဲ့ရတဲ့ အကြောင်းရင်းအမှန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ နှစ်ပေါင်း (၂၀)အတွင်း စံချိန်တင်လိုက်တဲ့ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဇူလိုင် (၃၁) ရက် မနက် (၂) နာရီအချိန်ကတည်းက

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေနဲ့ ယာဉ်တွေ၊ ပန်းခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ (၃၁)ရက် မနက်အစောပိုင်းကတည်းက ရွာသွန်းခဲ့တဲ့မိုးဟာ မနက် (၁၀)နာရီခန့်မှ တိတ်သွားတာလို့ သိရပါတယ်။

အဲ့ဒီလို မိုးရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပျက်စီးဆုံးရှုံးတာတွေ နဲ့အတူ ကျေးရွာဘက်တွေမှာလည်း ပန်းစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံပန်းစိုက်တောင်သူ တဦးက ပြောပါတယ်။ တစ်ညတည်းနဲ့ မိုးရေချိန် (၉) လက်မကျော် ရွာသွန်းခဲ့တာကြောင့်

အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေနဲ့ မော်တော်ယာဉ်တချို့ ပျက်စီးဆုံးရှုံးတာတွေ၊ ပစ္စည်းတွေ ရေထဲမျောပါတာတွေပါ ရှိခဲ့တယ်လို့ သိရပါတယ်။ မိုးရွာသွန်းတာကြောင့် ရပ်ကွက်ကြီး (၁) က ဂဲလျောင်းချောင်းရေလျှံခဲ့တာ၊ ရပ်ကွက်အတွင်း လူနေအိမ်တွေမှာ ရေ ဝင်ရောက်တာတွေကြောင့်

ထမင်းဟင်းချက်ပြုတ်ဖို့ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အနီးစခန်းမှာရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်က တောင်ကျ ချောင်းရေတွေကြောင့်လည်း လူနေအိမ်တွေအတွင်း ရေဝင်ရောက်တာတွေ ဖြစ်ခဲ့သလို အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး (၁) ၊ ရပ်ကွက်ကြီး (၇) ၊ ရပ်ကွက်ကြီး (၈) နဲ့ အနီးစခန်း ရပ်ကွက်ကြီး (၁၇) တို့မှာလည်း

ပျက်စီးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက်ကြီး (၁) နဲ့ ရပ်ကွက်ကြီး (၄) တို့မှာ ရေဝင်ရောက်နေတဲ့အတွက် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းက သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကူညီဆောင်ရွက်နေတယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ မေမြို့မှာ စံချိန်တင် မိုးရွာနေပေမယ့်လည်း ရန်ကုန်မြို့မှာတော့ မိုး (၃) ရက် ဆက်တိုက် မရွာတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။ နှစ်ပေါင်း (၂၀) အတွင်းမှာ မကြုံဖူးတဲ့ ပြင်ဦးလွင် ရေကြီးမှုဟာ တခြား သဘာဝဘေးအန္တရာယ်တွေ လာတော့မယ် ဆိုတဲ့ အကြောင်း အချက်ပေးခေါင်းလောင်းသံ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်တဦးက မှတ်ချက်ချလာခဲ့ပါတယ်။

(Visited 4,110 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*