ချင်းပြည်နယ် တီးတိန်​မြို့တွင် တောတွင်းစီး ဖိနပ်ရောင်းသည့် ဆိုင်ပိုင်ရှင် အပါအဝင် (၄) ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ရှိ တောတွင်းစီးဖိနပ်ရောင်းသည့် မိဘရိပ် ဆိုင်ပိုင်ရှင်အပါအဝင် ၎င်း၏ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရွှေညီအကိုယာဉ်လိုင်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ဂိတ်မှူးတို့ စစ်တပ်၏ ဖမ်းဆီးခြင်း ခံထားရကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ (၃) ရက်နေ့ မွန်းတည့် (၁၂) နာရီခွဲခန့်က

ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ ကျေးဇူးရှင် ကားဂိတ်တွင် ရွှေညီအကိုယာဉ်ပေါ်မှကုန်ပစ္စည်းများ ကားပေါ်မှချနေစဉ် စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ရွှေညီအကိုကုန်ကားပေါ်မှ ဆာလာအိတ်သုံးလုံးတွင် တောတွင်းစီးဖိနပ် (ပြောက်ကျားဖိနပ်) (၁၄၆) ရံကို တွေ့ရှိ၍ ကျေးဇူးရှင်ဂိတ်မှူး ကိုငိုင်ရှင်းတွောင်အပါအဝင် ရွှေညီအကိုယာဉ်လိုင်းမှ ယာဉ်မောင်း ကိုညီညီအောင်၊ ယာဉ်နောက်လိုက် ကိုနေလင်းထွန်းတို့ကို

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖြစ်စဉ်အနီးရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ ဆာလာအိတ်သုံးလုံးပေါ်တွင် မိဘရိပ်၊ တီးတိန်မြို့ဟု ရေးသားထားခြင်းကြောင့် တီးတိန်မြို့နေ မိဘရိပ်ဆိုင်ပိုင်ရှင် ဒေါ်ဇမ်းခေါလ်ကျင်းကိုလည်း တီးတိန်မြို့မရဲစခန်းမှ ရဲများက သြဂုတ်လ (၃) ရက်နေ့ မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိဘရိပ် ဆိုင်ပိုင်ရှင် ဒေါ်ဇမ်းခေါလ်ကျင်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏ဆိုင်ဂိုဒေါင်ရှိ ဆာလာအိပ် ခုနစ်အိပ်မှ တောတွင်းစီးဖိနပ်များကိုလည်း ရဲများက သိမ်းဆည်းယူဆောင်သွားသည်ဟု ဆိုသည်။ ချင်းပြည်နယ်ရှိ မြို့များတွင် တောင်ယာခုတ်ခြင်း၊ အမဲလိုက်ခြင်း နှင့်တောတွင်းသွားသည့်အခါ အကြမ်းခံသည့် အဆိုပါတောစီးဖိနပ်များကို ယောကျ်ားမိန်းမ မရွေးဝတ်ဆင်ကြကြောင်းလည်း ဒေသခံများက ပြော ကြားသည်။

(Visited 5,238 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*