ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ဂိတ် (၄) တွင် သြဂုတ် (၅) ရက်၊ နံနက် (၄) နာရီခန့်မှ စပြီး JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများ ရရှိရေး လူငယ် (၅၀၀၀) ကျော်က အလုအယက်တန်းစီ ခဲ့ကြကြောင်း၊
လူအလွန် များပြားသည့်အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လျှောက်လွှာ ရောင်းချခြင်းကို ရပ်ဆိုင်းကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ကြေညာခဲ့ရာ လူငယ်များ ဒေါသထွက်ကြကြောင်း၊ လျှောက်လွှာ မရောင်းတော့ဟု ကြေညာပြီးနောက်
ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ အဆောင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူငယ် (၁၀) ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “JLPT Level N4 လျှောက်လွှာရဖို့ လူငယ်တွေက ကာဖျူးတောင် မမှုဘဲ မနက် (၁) နာရီကတည်းက တန်းစီနေတာ။ မနက် (၄) နာရီ မှာ လူ (၅၀၀၀) ကျော်နေပြီ။
အဲဒါ ရုန်းရင်းဆန်ခတ်တွေဖြစ်တော့ လျောက်လွှာပိတ်လိုက်ပြီ၊ အွန်လိုင်းကပဲ လက်ခံတော့မယ် ကြေညာတယ်။ အဲဒါ ကျောင်းတံခါးတွေကို ရိုက်ချိုးကြတယ်။ လူငယ်တွေက ဒေါသထွက်ကုန်တာ။ နောက်တော့ ကျောင်းထဲမီးလောင်တယ်။ အဲဒါ ကျောင်းဝင်းထဲ လူငယ် (၁၀) ဦးကျော်ကို စစ်တပ်က ရိုက်နှက်ဖမ်းသွားတယ်” ဟု လျှောက်လွှာတန်းစီခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။
“ဒီမှာက ဘာအနာဂတ်မှ မရှိတော့ဘူး။ ဘ၀တွေက မအလ ကြောင့် သေကုန်ပြီ။ စျေးတွေကလည်း တစ်နေ့တစ်ခြား တက်နေတာ။ ဘ၀တွေက ရှင်လျက်နဲ့သေကုန်ပြီ။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ပဲ လုပ်တာ။ ဂျပန်မရရင်တော့ စင်ကာပူ၊ မလေးရှား၊ အနိမ့်ဆုံးထိုင်းတော့ ထွက်မယ်စဉ်းစားတယ်” ဟု လူငယ်တစ်ဦးက ဆိုသည်။
Be the first to comment