“အမေက နင် ရွာပြန်မလာနဲ့… အခြေအနေ မကောင်းဘူး ပြောတယ်.. ဒါပေမယ့် အခု လက်ရှိ အဆောင်ကလည်း နှင်ထုတ်နေပြီ”

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စစ်ကိုင်းတိုင်းအတွင်းရှိ အတော်အတန် လုံခြုံသည့် ရွာကလေးတရွာ အနီး ရောက်နေခဲ့ပါသည်။ အညာတွင် မိုးရာသီဆိုသည့်တိုင် နေမှာပူပြင်းလှသည်။ မွန်းတည့်ချိန် မတိုင်မီမှာပင် အပူချိန်က (၉၁) ဒီဂရီ ဖာရင်ဟိုက် ရှိနေသည်။ အလွန်ပူပြင်းသော နေရောင်အောက်တွင် နံနက် (၇) နာရီမှ နေ့လည် (၁၁) ခွဲနာရီအထိ (၅) ဧကခန့်ရှိ ကွင်းပြင် ခေါင်ခေါင်၌ လယ်ထွန်နေသည့် အညာသားကြီးသည် တိုက်လေယာဉ်ပျံ အသံ ကြားသည်နှင့် လယ်ထွန်ခြင်းကို ခေတ္တရပ်ထားလိုက်သည်။

အသံမြည်ဟိန်းလှသည့် ယင်းတိုက်လေယာဉ်ပျံသံများသည် အိပ်မက်ဆိုးတခု ဖြစ်သည်။ (ဒေသခံများအတွက် ပို၍ အိပ်မက်ဆိုး ဖြစ်နိုင်ပါသည်) ည (၁၂) နာရီ ခွဲတွင်လည်း ပျံတက်လာသဖြင့် လန့်နိုးသည်။ ဘေးလူများကို မေးကြည့်သောအခါ တိုက်လေယာဉ်များ ဟုတ်ပါသည်ဟု အတည်ပြုကြသည်။ မနက် (၅) နာရီလည်း ပျံတက်လာတတ်သည်ဟု ပြောပါသည်။ အနီးအနား ဝန်းကျင်သို့ သွားနိုင်သလောက် သွားသည့်အခါ ကျနော့်ကို ဆိုင်ကယ်ဖြင့် တင်ခေါ်လာသည့် လူငယ်ကို

“ဒီမှာ လုံခြုံရေး အခြေအနေရော ကောင်းရဲ့လား” ဟု မေးကြည့်သည်။ နာမည်ကြီး စေတီတော်များ၊ ရှေးဟောင်းစေတီများ၊ ဘုန်းကြီးကျောင်းများ ရှိသဖြင့် ပဋိပက္ခနည်းသည်ဟု ပြောပြသည်။ သို့သော် တံတားဖြူကလေးတခု အနားအရောက်တွင် “ဟိုနားက ချိုင့်လေးတွေ့လား.. အဲဒီမှာတော့ ဗုံးကွဲဖူးတယ်” ဟု ဆိုင်ကယ် အရှိန်လျှော့ချကာ အသွားရော အပြန်မှာပါ ရှင်းပြသည်။ နောက်ခရီးဆက်သောအခါ “ကျနော်တို့ ရွာဘက်တွေမှာဗျာ၊

တရက်တရက် ကျန်နေခဲ့တဲ့ ဒေသခံတွေပါ သေနေကြတယ်” ဟူသော ဝမ်းနည်းနေသည့် သူ့စကားကို ဆိုင်ကယ်လေတိုးသံများ ကြားကပင် နောက်က ထိုင်လိုက်လာသူ ကျနော်ပင် ခံစားမိသည်။ ကျနော့်ကို ဆိုင်ကယ်ဖြင့် လိုက်ပို့သူမှာ ရည်မှန်းချက်ကြီးမားသည့် ဘွဲ့လွန် ကျောင်းပြီးထားသော ပညာတတ် လူငယ်တဦး ဖြစ်သည်။ သူက စေ့စေ့စပ်စပ်လည်း ရှင်းပြပုံထောက်၍ သတင်းနှင့် မျက်ခြေမပြတ်ဟု ကောက်ချက်ချမိသည်။

“ကျနော်တို့ ရွာဘက်တွေဆို တတ်နိုင်သူတွေက အိမ်တွေ၊ လယ်တွေ ပစ်ထားခဲ့ပြီး ရှိတာလေးတွေနဲ့ မြို့ပေါ်တက် အခြေချကြတယ်။ ဘယ်တော့မှ ရွာမပြန်တော့ဘူးတဲ့” ဟု ကြေကြေကွဲကွဲ ပြောသည်။ တောရွာများဘက်မှ တက်လာပြီး စာလာသင်ကြသည့် အသက် (၂၀) နှင့် (၂၅) နှစ်ကြား လူငယ်များနှင့်လည်း တွေ့ဆုံခွင့်ရသည်။ လူငယ်နှင့် ပျော်ရွှင်တက်ကြွမှုသည် သူတို့နှင့် မဆိုင်သလို ဖြစ်နေသည်။ ပြောဆိုမေးမြန်းကြည့်သောအခါ

ဇာတိကိုစွဲသော လူကြီးသူမများက ကျန်နေရစ်ခဲ့ပြီး မိန်းမပျိုလေးများအပြင် PDF ဟု စွပ်စွဲခံရနိုင်သည့် သားသမီး လူငယ်များကို မြို့ပေါ်သို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သဘောပေါက်မိသည်။ “မြို့ပေါ် တက်ပြီး အလုပ်လုပ်တယ်လို့ပဲ ပြော၊ ကျောင်းတက်တယ်လို့ မပြောနဲ့” “အစိုးရ (စကစ) ကျောင်း သွားတက်လို့ ဦးကြီးက စကားမပြောတော့ဘူး” “အမေက နင် ရွာပြန်မလာနဲ့၊ အခြေအနေ မကောင်းဘူးပြောတယ်၊ ဒါပေမယ့် အခု လက်ရှိ အဆောင်ကလည်း နှင်ထုတ်နေပြီ” ဟု

တွေ့ဆုံခဲ့သူတဦးက ပြောသည်။ ကျောင်းလာတက်ရင်း စစ်ရှောင်ကြရသော သူတို့ မျက်နှာလေးများမှာ အားငယ်ခြင်း၊ သိမ်ငယ်ခြင်းများကို မြင်နေရသည်မှာ နေအပူထက် ပူလောင်လှသည်။ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများသို့ သွားရောက်ချင်သည့် လူငယ်များမှာလည်း ၅ မျဉ်းစောင်း (၅/) များကို အဆောင်များက လက်မခံဆိုသည့် သတင်းထွက်ပေါ်မှုများကလည်း သူတို့ကို စိတ်ထိခိုက်စေသည်။ ၅/ မှာ စစ်ကိုင်းတိုင်း မှတ်ပုံတင်များ၏ အစ ဂဏန်းဖြစ်သည်။

(Visited 4,261 times, 3 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*